Wednesday, December 28, 2011

လမ်းပျော်လေး၏ ဒိုင်ယာရီ (၁)

ထိုနေ့က ရန်ကုန်တွင် နှင်းမှုန်လေးတွေ ခပ်ပါးပါးကျနေလေသည်။ အလွန်အမင်း မအေးသော်လည်း ဆောင်း၏အငွေ့ အသက် တို့ကိုရနေပြီဖြစ်သည်။  လမ်းမပေါ်တွင် မတ်မတ်ရပ်ရင်း မကြာခင်ဆောင်းရောက်တော့မည်ဟု လမ်းပျော်လေး တွေးနေမိသည်။

လမ်းပျော်လေး ၏အလုပ်သည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး မရွေးပေတစ်ရာလမ်းမပေါ်တွင်
ခေါက်တုန့်ခေါက်ပြန် ပြေးလွှားသွားလာနေရသောအလုပ်ဖြစ်သည်။ မိုးရေတွေထဲမှာလည်း
လျှောက်ပြေးရသည်။  နှင်းတွေထဲမှာလည်း မနားနိုင် ။ နေပူပူထဲလည်း ပြေးမြဲပြေးခဲ့သည်။

တစ်ခါတစ်ခါ ငှားမည့်သူမရှိသော အချိန်တွင်တော့ လမ်းပျော်လေးရော ၊ လမ်းပျော်လေး ရဲ့ သခင်ပါ အရိပ်ကောင်းသော သစ်ပင်ကြီးများအောက်တွင် အေးအေးလူလူ အနားယူရင်း လမ်းသွားလမ်းလာများကို
ငေးမောနေလေ့ရှိသည်။

လမ်းပျော်လေး၏ သခင်ကတော့ ၀င်ငွေလျှော့ သောကြောင့် ထိုသို့နားနားနေနေ နေရသည်ကို မကြိုက်လှသော်လည်း လမ်းပျော်လေး ကတော့ ထိုအချိန်များကို အလွန်သဘောကျပါသည်။ 
 ဒီနေ့လည်း လမ်းပျော်လေး၏ သခင်က ၀ီရိယကောင်းစွာဖြင့် မနက်အစောကြီးကတည်းက လမ်းပျော်လေးကိုခေါ်၍ ထွက်လာခဲ့ပြီး သစ်ပင်ကြီးအောက်တွင် ငှားမည့်သူကို အတူတကွ  စောင့်နေကြလေသည်။ 

မနက်ပိုင်း ရုံးတက်ချိန်များတွင် လမ်းပျော်လေးတို့ အလုပ်များကြသည်မဟုတ်လား။ အရှေ့ကောင်းကင်မှ နေမင်း၏ အလင်းရောင်ထွက်ပေါ်လာသည့်တိုင် လမ်းပျော်လေး ကိုငှားမည့်သူတစ်ယောက်မှ မရှိသေးပေ။  ၀မ်းစာရေးအတွက် ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသူတွေကိုကြည့်ရင်း လမ်းပျော်လေး ခေါင်းတွေမူးပြီး ၊ မျက်လုံးတွေညောင်းလာသည်။

ထိုစဉ် အ၀ါရောင်လေးဝတ်ထားသော မမတစ်ယောက် ပျာယီးပျာယာနှင့် လမ်းပျော်လေး ဆီသို့ အပြေးကလေး လျှောက်လာသည်။ လမ်းပျော်လေး အရမ်းပျော်သွားသည်။ ဘာပြောပြော ထိုင်နေရသည်ထက် ပြေးနေရသည်က ပိုကောင်းသည် မဟုတ်လား။ ပြီးတော့ မမတစ်ယောက်ကို မနက်စောစောလိုက်ပို့ ရတာကိုက ပို၍ပျော်စရာကောင်းနေသည်။ မမ၏ နာမည်ကို မသိသလို ၊ ပြောပြမည်လည်း မဟုတ်သောကြောင့် မမ၀ါ ဟု အမည်ပေးလိုက်သည်။

"_ _ _ _ _ ကို သွားချင်လို့ ဘယ်လောက်လဲ"
"၃၅၀၀ ပဲပေးပါအစ်မ "
"ဟာ --- ကျွန်မ စီးနေကျ ၂၅၀၀ ပဲရှိတာကို "
"ဟာ --- အစ်မရယ် ကျွန်တော်တို့ ပိုမတောင်းပါဘူး ..."
" ၃၅၀၀ ကတော့ များလွန်းပါတယ် ... ၃၀၀၀ ပဲထားလိုက်"
" ကဲ ကဲ တက်ပါအစ်မရယ် ... ကျွန်တော်လည်း ဈေးဦးပေါက်ကြီးမို့လို့ပါ  ... မြေနီကုန်းဆိုရင်တောင် ကျွန်တော်တို့ က ၃၀၀၀ ရပါတယ် "

လမ်းပျော်လေး၏ သခင်က ရှည်ရှည်ဝေးဝေးရှင်းပြနေသော်လည်း မမ၀ါသည် ထိုစကားများကို နားထောင်ချင်ပုံမပေါ်ပေ။ မျက်နှာထားကိုတင်းနိုင်သမျှ တင်းပြီး လမ်းပျော်လေး၏ ဘေးတံခါးကို
ဖွင့်ရန်လက်ရွယ်လိုက်ပြီးမှ သံချေးအလိမ်းလိမ်းတက်နေသော ကားတံခါးဘောင်ကိုမြင်ကာ လက်ပြန်ရုတ်သွားလေသည်။ တစ်ခဏ ခန့်ရပ်တန့်နေပြီးမှ ဘာမှမတတ်နိုင်ပါဟူသော မျက်နှာပေးဖြင့် တံခါးကိုဖွင့်ကာဝင်ထိုင်လိုက်သည်။ ထို့နောက်
အရှိန်ပြင်းပြင်းဖြင့် ဘေးတံခါးကို ဂျိုင်းကနဲ စောင့်ပိတ်လိုက်ရာ လမ်းပျော်လေး ခါးနားက မျက်ခနဲနာသွားသည်။ သို့သော် လမ်းပျော်လေး စိတ်မဆိုးပါ။ Customer is always right! မဟုတ်ပါလား။ 
ထိုမမ၀ါသည် ဘာကိုဒေါသထွက်နေသည်မသိ။  အရှိန်နှင့်ထိုင်ချလိုက်ရာ ကားနောက်ခန်း ထိုင်ခုံသည် အိခနဲ ဖြစ်သွားသည်ကို သတိပြုမိပုံရလေသည်။ ခါးကိုရုတ်တရက် ပြန်မတ်လိုက်ပြီး ကားနောက်ခန်းထိုင်ခုံကို သေသေချာချာ ကြည့်ပါသည်။  လမ်းပျော်လေး၏ ခုံတွေကလည်း အခွံကွာရေလန်ဖြစ်နေသည်။ သို့သော်အောက်က ဖော့တွေက
ကောင်းနေသေးပါသည်။ သူတို့တွေလည်း အစကတော့ တော်တော်ကောင်းပါသည်။ လမ်းပျော်လေး၏ သခင်က အကောင်းဆုံး ဆိုတာကို ရွေးချယ်ဝယ်ယူခဲ့သည်ပဲ။ ခုတော့ သူတို့လည်း အသုံးခံရပါများလွန်း၍ မကောင်းနိုင်တော့ပြီ။ မမ၀ါက ဘာမှမပြောချင်တော့သောမျက်နှာဖြင့် ပြန်မှီ၍ ထိုင်နေလိုက်သည်။
သခင်က အမိန့်ပေးလိုက်သည်နှင့်  လမ်းပျော်လေး အရှိန်ပြင်းပြင်းနှင့် လမ်းမပေါ် ပြေးထွက်လိုက်သည်။
ပြေးလမ်းပေါ်တက်လိုက်တော့ ဘေးမှာယှဉ်လျှက်လိုက်နေသူတွေ၊ အရှေ့ကပြေးနေသူတွေ ၊ နောက်ကလိုက်လာသူတွေ များသမျှအများကြီး ။ ရှေ့က တစ်စီးကို  ကျော်ပြီးလျှင် ရှေ့ဆုံးရောက်ပြီအထင်နှင့် ကြိုးစားပြီးကျော်လိုက်သော်လည်း
ရှေ့တွင် များပြားလှစွာသော ဘ၀တူတွေရှိနေကြပြန်သည်။ လမ်းကြောပေါ်တက်မိပြီဆိုမှတော့ မတက်နိုင်ပါ ။ တတ်နိုင်သမျှ ပြေးနိုင်သမျှတော့ပြေးရပေလိမ့်မည်။ ရှေ့ ကနေပြီး လမ်းပိတ်အောင် လုပ်နေသည်ဟု နောက်ကားတွေ ငြိုငြင်တာကိုလည်း မခံလိုပါ။ ပြီးတော့ မမ၀ါတို့လို ကားငှားသူတွေ ။ သူတို့တွေ လိုင်းကားမစီးဘဲ ကားငှားသည်ဆိုကတည်းက တော်တော့်ကို နောက်ကျနေ၍ ဖြစ်ပေမည်။ မမ၀ါ ဆိုလျှင် ပုံမှန်ထက် ၅၀၀ တောင်ပိုပေး၍ ငှားလာသည်မဟုတ်လား ။ ကိုယ့် ကို အားပေးသူ(Customer) ကို အဆင်ပြေအောင် ၀န်ဆောင်မှုပေးရမည်ဆိုသည်ကို လမ်းပျော်လေးလို ကားစုတ်ကလေးလည်း နားလည်ပါသည် ။ 
လမ်းပျော်လေး အရှိန်မြှင့်ပြီး ကိုယ့် ထက် မော်ဒယ်လ်မြင့်သော ၊ အင်ဂျင်ကောင်းသော  ရှေ့ကားတွေကို
ကျော်ဖို့ကြိုးစားနေမိသည်။ အမှန်တကယ်ပင် ကားငှားသူ အဆင်ပြေပြေ၊ မြန်မြန်ဆန်ဆန် ရောက်စေချင်သော စေတနာပေလော ၊ "ငါ့ကို ကားစုတ်လေးဟု အထင်သေးလှသည် ၊ ငါ့အကြောင်းသိစေရမည် " ဟူသော မာနပေလော  လမ်းပျော်လေး မစဉ်းစားလိုတော့ပေ။

"အစ်မတို့က ကံကောင်းတာပေါ့ အလုပ်လုပ်တဲ့နေရာက ဘုရားနဲ့နီးတော့ နေ့တိုင်းရုံးတက်ရင်း ဘုရားဖူးရတာပေါ့ " လမ်းပျော်လေး၏ သခင်က ကားမောင်ရင်း စကားစလိုက်သည်။
"ဟုတ်ကဲ့  -- ဒီလိုပါပဲ " 
" ကျွန်တော်လည်း ဒီနေ့ ပထမဆုံး လိုက်ပို့ တာ ဘုရားဘက်ကိုမောင်းရတာ ၀မ်းသာတယ်ဗျာ ၊ ကားမောင်းရင်း ဘုရားဖူးရတာ ကုသိုလ်ရတယ်" 
"သြော်  - ရှေ့က ကုန်းလေးပေါ်တက်ပေးပါ " မမ၀ါသည် လမ်းပျော်လေး၏ သခင်ပြောနေသောစကားကို ရုတ်တရတ်ဖြတ်ချလိုက်သည်။
ခပ်ပျော်ပျော်နေတတ်သော လမ်းပျော်လေး၏ သခင်ကတော့ "ဟုတ်ကဲ့  -- ဟုတ်ကဲ့ " ဟုပြောကာ ကုန်းလေးပေါ်ကို မောင်းတက်လာခဲ့သည်။ 

သူမ ဘာမှန်း ၊ဘယ်လောက်တော်မှန်း လမ်းပျော်လေးမသိပါ။ ပိုက်ဆံပေး၍(တန်ရာတန်ကြေးထက်အနည်းငယ်ပိုပေး၍) ခိုင်းသည်တော့ မှန်ပါသည်။ သို့သော် ဤမျှ မျက်နှာမာမာနှင့် မတူသလိုမတန်သလို ဖြစ်နေသည်ကတော့ တစ်ဆိတ် လွန်လွန်းလှပါသည်။ သို့သော် လမ်းပျော်လေးတွင် ခိုင်းသည့် အတိုင်းလုပ်ရမည့် တာဝန်ရှိသည်မဟုတ်လား။

သူမ သွားလိုရာသို့ရောက်သော အခါ " ကျေးဇူးတင်ပါတယ်" ဟု တစ်ခွန်းပြောပြီး ဆင်းသွားပါတော့သည်။ ထိုသို့ပင် လူတွေသည် မိမိ စိတ်ထဲ မရှိသည့် စကားများကို ဟန်လုပ်၍ ပြောတတ်ကြလေသည်ဟု တွေးလိုက်မိသည်။
 
သူတို့တွေ မြန်လွန်းသော ကားစုတ်ကလေးကို သတိရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လမ်းပျော်လေး ကတော့ သူတို့ကိုကောင်းကောင်း သတိရနေမိသည်။  ပြီးတော့ လမ်းပျော်လေး၏ ၀န်ဆောင်မှု ကောင်းသည်၊ မကောင်း သည်ကိုလည်း သူတို့ ဘာသာ ဆုံးဖြတ်ကြပေလိမ့်မည် ။ ကားကသာစုတ်တယ် မြန်မှမြန်ပဲ ပြောချင်လည်းပြောပေမည်။ ကားကသာစုတ်တယ်
ဈေးကတော့ကောင်းပါ့ ဟုပြောချင်လည်း ပြောကြပေလိမ့်မည်။ လမ်းပျော်လေးကတော့ မိမိတာဝန် မိမိပြီးဆုံးအောင်
ဆောင်ရွက်နိုင်ခဲ့ပြီဟူသော စိတ်နှင့် တောင်ကုန်းပေါ်မှ အပြေးကလေး ဆင်းလာခဲ့မိပါတော့သည်။

No comments:

Post a Comment