Friday, October 21, 2011

ကျွန်မလည်း လူပဲမို့

ကဲ ဘယ်လိုလုပ်မလဲ
မမေးတော့လည်း အတယ်
မေးတော့လည်း နတယ်

ပြန်မပြောတော့လည်း ထိုင်းတယ်
ပြန်ပြောတော့လည်း ရိုင်းတယ်

တက်ကြွတော့လည်း မုန်းတယ်
မတက်ကြွတော့လည်း တုံးတယ်

မြန်မြန်လုပ်တော့ ပျာတယ်
နှေးနှေးလုပ်တော့ ကြာတယ်

ဝိရောဓိတွေကြား
လျှောက်သွားရင်း
ကျွန်မအကြောင်း
သူများတွေကပြော
သူများတွေအကြောင်း
ကျွန်မက ပြော
ဒီလိုနဲ့ပဲ
တစ်ရက်တစ်ရက်
အတောမသတ်နိုင်ဘူး။

တစ်ခါ တစ်ခါ
သူများ ပါးစပ်မှာလမ်းဆုံး
ကျွန်မက ခပ်တုံးတုံးကြီး။

တစ်ခါ တစ်ခါ
ဘာမှ မမေးပဲထိုင်တော့
ဆရာကြီး စတိုင်ဆိုပဲ။

တစ်ခါ တစ်ခါ
ထမေး မိတော့
ဒါလေးတောင် မသိဘူးလား
သူများမေးပြီးသားတဲ့။

တစ်ခါ တစ်ခါ
တက်ကြွနေပြန်တော့
မျက်စိရှုပ်အောင်
အပိုတွေ လုပ်ဆောင်သတဲ့။

တစ်ခါ တစ်ခါ
ပြန်မပြောမိတော့
မလေးမစား
ကလေးကလားဆန်တယ်ဆိုပဲ။

တစ်ခါ တစ်ခါ
ပြန်ပြောမိတော့
နှုတ်သီးကောင်းလျှာပါး
နောင်ကြဉ်သွားအောင်
လုပ်ထားဦးမတဲ့။

တစ်ခါ တစ်ခါ
မြန်မြန်လုပ်တော့
ခဏလေးနဲ့
ချက်ချင်းပြီး
နင့်ဟာက
အညံ့စားကြီးဆိုပဲ။

တစ်ခါ တစ်ခါ
နှေးနှေးလုပ်တော့
ဒီလိုပုံနဲ့
မိုးချုပ်တော့မတဲ့။

ကဲ ဘယ်လိုလုပ်မလဲ
ကျွန်မလည်း လူပဲမို့
တစ်ခါ တစ်ခါ
သူများကိုကြည့်
မကောင်းပြောမိ တာပါပဲ။

4 comments:

  1. သွယ်လေးOctober 23, 2011 at 8:14 PM

    တခါတခါ comment ပေးမိတော့
    အားယားနေလားတဲ့........။။

    ReplyDelete
  2. တခါတခါ proxy ပေါ်တက်လိုက်ပြန်တော့
    တချို့တချို့နီနေလေရဲ့...................းP

    ReplyDelete
  3. လဲ့က ပေါ်တင်မိုက်တာပဲနော် မထင်ရဘူး :P

    ReplyDelete
  4. ဟုတ်ကဲ့
    တစ်ခါ တစ်ခါတော့
    မိုက်မိတာပါပဲ :P

    ReplyDelete