Thursday, February 13, 2014

အတိတ်နဲ့ မနက်ဖြန်


"ကို ".... ဒီနေ့လည်း ထုတ်ကုန် တွေအတွက် ဘွတ်ကင်တင်၊ သွင်းကုန်တွေအတွက် ရောက်လာတဲ့ မေးလ်တွေ ပြန်ရနဲ့ ထုံးစံအတိုင်း ကျွန်မ အလုပ်များနေခဲ့ပါတယ်။ ကျွန်မလိုလူ အတွက်ကတော့ အလုပ်များတာက ကံကောင်းခြင်းတစ်ခုပဲ မဟုတ်လား။ အလုပ်မရှိရင် ထိန်းရခက်တဲ့ စိတ်က အတိတ်ကိုရောက်ရောက်သွားတယ်... "ကို " ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ အတိတ်တွေနဲ့
ကျွန်မရဲ့ အလွမ်းတွေကို မနက်ဖြန်ထွက်မဲ့ သင်္ဘောနဲ့ တင်ပြီး ကျွန်မနဲ့ ဝေးရာကို လွှတ်လိုက်ချင်ပါတယ်။

အလုပ်များတယ်ဆိုပေမဲ့ နောက်ဆုံးမေးလ်ကို ပြန်ပြီးသွားတဲ့ အချိန်မှာ ကျွန်မ ပြန်ရုံအပြင်ဘာမှလုပ်စရာ မရှိတော့ဘူး။ ဘေးက ညီမလေးတွေကတော့ ဖုန်းလေးတွေ တဂွမ်ဂွမ်နဲ့ မနက်ဖြန်အတွက် ချိန်းနေကြတယ်လေ။မနက်ဖြန်က ဘာနေ့ဆိုတာ...  "ကို " သိလောက်မှာပါနော်။ ဒါနဲ့ ကျွန်မ လှည်းတန်းဖက်ကို ထွက်လာခဲ့လိုက်တယ်။ ကို နဲ့ ကျွန်မက ရန်ကုန်တက္ကသိုလ်ထွက်တွေ မဟုတ်တော့ လှည်းတန်းဆိုတာ သိပ်သက်ဆိုင်လှတယ်ရယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ လှည်းတန်းကိုရောက်ရင် တစ်ယောက်ယောက်ကိုလွမ်းတယ်။ အဲ့ဒီတစ်ယောက်ကလည်း "ကို " ပဲလို့ပြောရင် ညာဖက်ပါးက ပါးချိုင့်လေးပေါ်အောင်ပြုံးပြီး ဘယ်ဘက်မျက်ခုံးကို ပင့်ဦးမှာပါ။ အတူရှိနေခဲ့ မယ်ဆိုရင်ပေါ့လေ။

မနက်ဖြန်အတွက် ဆွမ်းတော်ကပ်ဖို့ မုန့်ဝယ်တယ်။  ငါးကင်စားပြီး ကြက်သားသုတ်ဝယ်တယ်။
အဆာပြေစားဖို့ က ထမင်းဂျိုးကြော် အစုံအလင်ပဲ ၀ယ်ခဲ့တယ်  "ကို " ။ ကျွန်မ ရှာတဲ့ ပိုက်ဆံတွေကို ကျွန်မမှ မသုံးရင် ဘယ်သူသုံးမလဲလေ ။ မင်းက အရည်အချင်းရှိတဲ့ မိန်းမပဲ ။ ငါ့ကို အားကိုးတယ်ဆိုတာမျိုး ဟန်ဆောင်ပြီးတောင် လုပ်မပြဖူးဘူးလို့ ပြောပြီး ဟန်ဆောင်ပြီး ရယ်ဦးမှာပါ။ ကို့ အတွက်လိုအပ်တာက ကို့ ကိုအရမ်းအားကိုးပြီး "ကို " မရှိရင် သေသွားနိုင်တယ်ဆိုတဲ့ မိန်းကလေးမျိုးလေ။ ပြန်တွေးကြည့်မိတိုင်း ကျွန်မ အဲ့လို ဟန်မဆောင်ခဲ့မိတာကို ဂုဏ်ယူလို့ မဆုံးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ခုထိ သေမှမသေသေးတာရယ်။ "ဟင်း ဟင်း" လို့ သွားစွယ်လေးတွေ ပေါ်လာအောင် ရီဦးမယ် မဟုတ်လား။အဲ့ဒီ ရယ်သံတွေက လက်ရှိဘ၀မှာ မကြာခဏ ကြားရလွန်းလို့ ကျွန်မ ရိုးအီနေပါပြီ  "ကို " ။

ခုတလော ကျွန်မအတွေးထဲရောက်နေတာလေးရှိတယ်။ ကျွန်မ ကိုယ့်ကိုကိုယ်တောင် မချစ်တော့ဘူးလားဆိုပြီးတော့ ပေါ့။ ကျွန်မ ကိုယ့်ကိုကိုယ်တောင် မချစ်တော့ မှာကို အရမ်းကြောက်တယ် "ကို "။ မင်းကြောက်တာ ရှိသေးတာပဲ ဆိုပြီး မျက်ခုံးနှစ်ဖက်လုံး မပင့် လိုက်နဲ့ဦး။
"ကို "က အရမ်း အံ့သြ တယ်ဆိုပြီး ဟန်ဆောင်တဲ့ အခါတိုင်းလုပ်လေ့ရှိတဲ့ ပုံလေ။ အဲ့ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေကို မေးကြည့်တယ်။ ကျွန်မ သူငယ်ချင်းတွေလည်း ကျွန်မလို တကိုယ်တည်းသမားတွေ များတယ်လေ။  "ကို "  သိမလားတော့ မသိဘူး ကျွန်မတို့ အဖွဲ့ထဲက အရပ်ပုပု ၊ အသားဖြူဖြူ ၊ အသံကျယ်ကျယ်နဲ့ကောင်မလေးလေ။ သူက အခု ကောင်းကင်ပြာပြာကို မမြင်ရတဲ့ အရပ်ကိုရောက်နေတယ်။ နှင်းတွေကလည်း ခြေသလုံးလောက် ရောက်အောင်ကျတယ်ဆိုပဲ။ သူက နှင်းတွေ စံချိန်တင်အောင် ကျတဲ့နေ့က ညဘက်ကြီး နှင်းတောထဲ ဓါတ်ပုံထွက်ရိုက်တယ်တဲ့ ၊ တစ်နေကုန်လည်း အလုပ်သွားတယ်၊ ညဘက်ကျရင်လည်း သူဖတ်ချင်တဲ့ စာအုပ်တွေထိုင်ဖတ်နေတယ် ။ အိပ်ချင်မှလည်း အိပ်တယ်တဲ့ ။ နင် ကိုယ့်ကိုကိုယ်တောင် မချစ်တော့ဘူးလားလို့ မေးတော့ ။ ချစ်လွန်းလို့ လုပ်ချင်တာတွေ မလုပ်လိုက်ရ မရှိလေအောင်လုပ်နေတာပေါ့.... "ဟားဟား" တဲ့။

သူက အမြဲ "ဟားဟား" လို့ရီတယ်  "ကို " ။ ကျွန်မ ကျောင်းတုန်းက မိန်းကလေးဖြစ်ပြီး "ဟားဟား" လို့ မရီပါနဲ့ လို့ပြောတိုင်း "ဟားဟား" လို့ ရီဖို့ဆိုတာ ရင်ထဲမှာ ရှင်းနေမှဖြစ်တာ ။ ရင်ထဲမှာ တစ်ခုခုကိုဖွက်ထားခဲ့ရင် ဘယ်လိုမှ ငါ့လို ရီလို့ မရဘူးဟ တဲ့။ သူ့ သီအိုရီ မှန်တယ်ထင်တယ်  "ကို " ။  ကျွန်မက ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှာ "ကို့ " ကို ၀ှက်ထားခဲ့တော့ ဘယ်လိုမှ သူ့လို မရီနိုင်ဘူးလေ။

ခုတလော သူနဲ့ ခဏခဏ စကားပြောဖြစ်တယ်။ ဟိုနေ့က သူနဲ့ စကားပြောရင်း  "ဟိုတစ်ယောက်လက်ထပ်သွားပြီသိလား " လို့ ပြောတော့  "ဘယ်သူတုန်း " တဲ့။
 "ငါ့ အချစ်ဟောင်းပေါ့ " လို့ ပြောတော့ ... "အို အရွယ်တောင် လွန်နေပြီ" တဲ့။
 "သူ ကလေးတောင်ရတော့ မယ် " ဆိုတော့ " မိန်းမ ယူမှတော့ ကလေးရမှာပေါ့ " တဲ့
 " နင် ငါ့ကို အားမနာဘူးလား " ဆိုတော့ " အားနာရအောင် နင့်ကို  ငါ ထားခဲ့တာ မဟုတ်ဘူး"  တဲ့။

ဟုတ်တယ် "ကို ".... သူ့စကားအရဆိုရင် "ကို "  ကျွန်မကို အားနာသင့်တယ်။ လူတွေရှေ့မှာတော့ ကျွန်မကပဲ မာနကြီးပြီး ပစ်ခဲ့ သလိုလိုနဲ့ ။ တကယ်တော့ စထွက်ခွာခဲ့တာက "ကို " ပဲလေ။
ကျွန်မကတော့ အလွမ်းတွေ တနင့်တပိုးနဲ့ ။ ကျွန်မရဲ့ စောစောကပြောတဲ့  သူငယ်ချင်းကို အရင်က အကြောင်းတွေကို ပြန်ပြောပြတော့ "ညည်းတို့ပဲ တော်တော် ဥာဏ်ကောင်း ၊ ကျုပ်ဆို လက်ရှိထမင်းကျွေး နေတဲ့ ဆော့ဖ်ဝဲ(software) ကုတ် (code) တွေ တောင် မှတ်ထားတာ မဟုတ်ဘူး ၊ ရေးခါနီးမှ အင်တာနက်က ရှာပြီးရေးတာ။  ဘာမှ မမှတ်မိဘူး " တဲ့ ။ "နင့် လို ဦးနှောက်အခွံ ၊ နှလုံးသား ဗလာနဲ့ ဆိုရင်ကောင်းမှာပဲ အသစ်ထည့်လို့ရတယ် " ဆိုတော့ " အခွံ ဖြစ်တိုင်း ၊ ဗလာ ဖြစ်တိုင်း အသစ်ထပ်ထည့်လို့ ရတယ်ဆိုတဲ့ အတွေးအခေါ်ကို ငါလက်မခံဘူး။ ဗလာဖြစ်ရခြင်း အကြောင်းအရင်းကို ရှာမှ ရမယ်။ အောက်က ပေါက်နေလို့ ဗလာဖြစ်တာဆိုရင် ဘာထည့်ထည့် မ၀င်နိုင်ဘူး" တဲ့  ။  သူက အဲ့ဒီလို လူ့ဂလန့်ဂွစာပါ။ ဘာပဲ ပြောပြော ကျွန်မ သူ့လို ဗလာဖြစ်ချင်တယ်။ အသစ် မထည့်ရရင်နေပါစေ။ အဟောင်းတွေကို မေ့ပျောက်သွားချင်ပါတယ်။

မနက်ဖြန် (၂လပိုင်း ၁၄) မှာ ကျွန်မ ထုံးစံအတိုင်း ရုံးတက်ရမှာပါလေ။ လုပ်ဖော်ကိုင်ဖက် ညီမလေးတွေက ဒီနှစ်လည်း ဒီလိုပဲလား မကြီးရေ... လုပ်ဦးလေ လို့ စလာခဲ့ရင် " အို သူများက ငယ်ငယ်လေး   ရှိသေးတာကို " လို့ တကယ့်အပြုံးလို့ ထင်ရတဲ့ အပြုံးနဲ့ ပြောမှာပါ။ သူတို့ကလည်း ၀ါးခနဲ ၀ိုင်းရီကြဦးမှာပါ။ " မကြီး အလုပ်တွေပဲ မကြိုးစားနဲ့ လေ " လို့ အပြောခံရတိုင်း အလုပ်မကြိုးစားဘဲ ကျွန်မ ဘာကိုကြိုးစားရမလဲဆိုတာ အခုထိ မသိသေးပါဘူး   "ကို " ။ ကျွန်မ ကြိုးစားနေတာက အလုပ်ရယ် ၊ ပြီးတော့ သင်္ဘောတစ်စင်းထွက်သွားတိုင်း Export ကုန်တွေနဲ့ အတူ ကျွန်မရဲ့အလွမ်းတွေကို ထည့်ပေးလိုက်တာရယ်ပါပဲ။ ဒီလိုနဲ့ ကုန်သွားကောင်းပါရဲ့။ လက်ကျန်လေးတွေ ရှိနေသေးရင်လည်း ဒီလို ကောင်းကင်ကြီးက ပြာပြီး လေပြေလေးတွေ တိုက်နေတဲ့ အချိန်မျိုးမှာ ခဏတော့ ထုတ်ကြည့်တာပေါ့ ။
"ကို"လည်း ကုက္ကိုပင်ကြီး တစ်ပင်ရှိတဲ့ ကျွန်မတို့ကျောင်းနားကိုရောက်ရင် ဘယ်ဘက်မျက်ခုံးကို ပင့်ပြီး ညာဖက်ပါးက ပါးချိုင့်လေးပေါ်အောင်ပြုံး ချင်ရင် ပြုံးပါလေ။

No comments:

Post a Comment